ကျန်းမာစေဖို့ အကျိုးပြုတဲ့ လုပ်ငန်းခွင် အရည်အသွေး ၆ မျိုး
အလုပ်လုပ်ရင်း စိတ်ဖိစီးကြ၊ ကျန်းမာရေးတွေထိခိုက်ကြတာမျိုးကို လူအတော်များများကြားဖူးကြမှာပါ။ အလုပ်ဆိုတာ ဝင်ငွေတိုးအောင်လုပ်ဖို့ စီးပွားရှာဖို့အတွက်ဆိုတော့လည်း ကျန်းမာရေးထိခိုက်ရင်တောင်မှ သီးခံလုပ်နေရတဲ့ အလုပ်တွေလည်း ရှိနေပါရဲ့။ ဒီလိုအလုပ်လုပ်ကြရာမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အရည်အသွေးက သိပ်ကိုအဓိက ကျလှပါတယ်။ လုပ်ငန်းခွင်အရည်အသွေးဆိုတာက အလုပ်လုပ်ကိုင်ရာမှာသာ အသုံးတည့်တယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် သင်မထင်မှတ်ထားတဲ့ ထူးခြားမှုတွေက ရှိနေတာမို့ ပြောပြပေးချင်ပါတယ်။
ဒါကတော့ တစ်ချို့သော လုပ်ငန်းခွင့် ကျွမ်းကျင်မှုအရည်အသွေးတွေဟာ လက်တွေ့လူနေမှုဘဝမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ပါ အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။ ထူးခြားတယ်မဟုတ်လား။ အလုပ်ဝန်ပိပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကြသူတွေများတဲ့ ဒီလိုခေတ်ထဲမှာ အလုပ်လုပ်ရင်း ကျန်းမာနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား? ဘယ်လို ကျွမ်းကျင်မှုမျိုးတွေက ဒီလိုဖြစ်စေတာပါလိမ့်နော် … ဆက်ပြီး ပြောပြပေးပါ့မယ် …
အောက်ပါ လုပ်ငန်းခွင် အရည်အသွေးတွေရှိနေတယ်ဆိုရင် သင့်အနေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ သိပ္ပံနည်းကျလေ့လာချက်တွေက ဆိုထားပါတယ်။
- Project management - စနစ်ကျတဲ့လုပ်ငန်းခွင့် စီမံခန့်ခွဲနိုင်စွမ်းဆိုတာ လုပ်ငန်းတိုင်းမှာ လိုအပ်တဲ့ အရည်အသွေးတစ်ခုပါ။ ဒီလိုအရည်အသွေးမျိုးကို လူတိုင်းပိုင်ဆိုင်နိုင်တာတော့ မဟုတ်ပါဘူး။ နယူးယောက်ခ် တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရဆိုရင်တော့ ဒီလို အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသူတွေဟာ နေ့စဉ်ဘဝမှာလည်း တိကျပြီး ထိရောက်တဲ့ အစီအစဉ်တွေကို ချမှတ်ထားနိုင်ကြပြီး ၎င်းအလေ့အကျင့်ကြောင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက်လည်း စနစ်တကျဆောင်ရွက်နိုင်ကြတယ်လို့ ဆိုပါတယ်။
- အသင်းအဖွဲ့စိတ်ထား - ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းဟာ လုပ်ငန်းခွင်တိုင်းမှာ အရေးပါလှပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ စုစည်းညီညွတ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိဘူးဆိုရင် ဘယ်လိုမှ အောင်မြင်မှုဆီ လှမ်းချီနိုင်မှာမဟုတ်ပါဘူး။ ဒီအလေ့အကျင့်ဟာ ကျန်းမာရေးအတွက် ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေပြုလုပ်ရာမှာ ရှက်ရွံ့အားငယ်နေတာမျိုး မဖြစ်စေပဲ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ ပိုမိုလွယ်ကူစေပါတယ်။
- အချက်အလက် နိုင်နင်းမှု - ဒေတာ အချက်အလက်တွေကို ကိုင်တွယ်နိုင်စွမ်း၊ နားလည်သဘောပေါက်နိုင်စွမ်းကလည်း သင့်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် သင်ဟာ အရှုံးအမြတ်ကို စနစ်တကျ တွက်ချက်နိုင်တဲ့ စာရင်းကိုင်တစ်ယောက်ဆိုရင် ချစ်ရေးချစ်ရာနဲ့ တခြားသော လူမှုဆက်ဆံရေး အခြေအနေတွေမှာတောင်မှ ရလဒ်ကို မှန်းဆတွက်ချက်နိုင်ပါလိမ့်မယ်။ အချက်အလက်ကို ကောင်းကောင်းကိုင်တွယ်နိုင်သူတွေဟာ ရှောင်တခင် သေဆုံးတာမျိုးလည်း အဖြစ်နည်းကြတယ်လို့ သုတေသန ပညာရှင်တစ်ဦးဖြစ်တဲ့ ကေတီ မစ်လ်ခ်မန်းက ဆိုထားပါတယ်။
- သပ်ရပ်စွာ ဆင်ယင်တတ်ခြင်း - လုပ်ငန်းခွင်မှာ လိုက်လျောညီထွေစွာနဲ့ သပ်ရပ်ကျော့မော့စွာ ဝတ်ဆင်ခြင်းကလည်း အရည်အသွေးတစ်မျိုးပါ။ ဘယ်လိုအခြေအနေမှာ ဘယ်လို ဝတ်စားဆင်ယင်သင့်တယ်ဆိုတာကို ကောင်းကောင်းနားလည်သူတွေဟာ လူအမြင်တင့်တယ်ပြီး အထင်ကြီးလေးစားခံရတတ်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေဟာ စီမံခန့်ခွဲနိုင်စွမ်း မြင့်မားသူတွေဖြစ်ပြီးတော့ စမတ်ကျတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်နိုင်တာမို့ ကျန်းမာရေးနဲ့ ချစ်မှုရေးရာမှာလည်း ဒီလိုပဲ လုပ်ဆောင်နိုင်ခြေများပါတယ်တဲ့။
- ဆုပေး/ဒါဏ်ပေး လုပ်ဆောင်တတ်ခြင်း - ဆုပေးဒါဏ်ပေးစနစ်နဲ့ ကျွမ်းဝင်မှုရှိတာကလည်း ကောင်းမွန်တဲ့ ကျန်းမာရေး အလေ့အကျင့်တစ်ခုပါပဲ။ အစာအာဟာရ မီဝဲရာမှာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ရာမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းက သိပ်ကို အသုံးတည့်ပါတယ်။
- တာဝန်ယူ/တာဝန်ခံတတ်တဲ့ စိတ်ထားရှိခြင်း - တာဝန်ယူတတ် ဦးဆောင်ဦးရွက်ပြုတတ်တဲ့ စိတ်ထားမျိုးရှိနေသူတွေကလည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးရနိုင်ပါတယ်။ ကိုယ်တိုင်သာမက သူများကိုပါ တွန်းအားပေး ကူညီပြီး ကျန်းမာရေးကောင်းမွန်စေဖို့ ဦးစီးဦးဆောင်ပြုပေးတတ်ကြပါတယ်။
ကဲ ဒီလိုလုပ်ငန်းခွင် အလေ့အထမျိုးတွေကို ပိုင်ဆိုင်ထားသူတွေဟာ မိမိတို့ကိုယ်တိုင်ရဲ့ တစ်ကိုယ်ရေ နေ့စဉ်ဘဝမှာ ကျန်းမာစေမယ့် အလေ့အထတွေကို ပိုမိုအလေးထား ဂရုစိုက်နိုင်တတ်ကြပြီး ပိုလည်းကျန်းမာတတ်ကြပါတယ်တဲ့။ သင့်မှာရော ဘယ်လို အလေ့အထကောင်းမျိုး၊ လုပ်ငန်းခွင် အရည်အသွေးမျိုးပိုင်ဆိုင်ထားပါသလဲ …
ရေးသားသူ - ရဲဇွန်အောင်